Popular Posts!

Wednesday, February 6, 2013

မြန်မာနိုင်ငံသို့ ပိုးလမ်းမ ဖောက်


ဈေးကွက် နယ်ပယ်သစ် များတွင် လိုက်လံရင်းနှီးမြှုပ်နှံနေသော ပိုးလမ်း မ အုပ်စု (Silk Road Management) သည် မြန် မာနိုင်ငံတွင် ဤနှစ်ကုန်၌ စီမံကိန်းသုံးခုတွင် ရင်းနှီးမြှုပ်နှံ တော့မည်ဖြစ်သည်။ နှစ်ပေါင်း ၅ဝ ကျော် ကြာ အထီးကျန်ခဲ့သော အရှေ့ တောင်အာရှ၏ အဆင်းရဲဆုံး နိုင်ငံ ဖြစ်နေသည့် မြန်မာနိုင်ငံအတွက် ပထမဆုံး ပုဂ္ဂလိက အစုရှယ်ယာ များနှင့် ဆက်ဆံရခြင်းလည်း ဖြစ်ပါ သည်။ မွန်ဂိုလီးယား၊ ရုရှားနှင့် ရေနံ ကြွယ်ဝသော ကယ်စပီယံ ပင်လယ်နှင့် ထိစပ်လျက် ရှိသော နိုင်ငံများမှ ပုဂ္ဂလိက ကြွယ်ဝသူများသည် လွန်ခဲ့သော စက်တင် ဘာလက မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ရှာဖွေရေး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကာ အမေရိကန်ဒေါ်လာ ၂၅ သန်း ရရှိခဲ့ကြောင်း စီမံခန့်ခွဲသူလည်း ဖြစ်၊ အစုရှင်လည်း တစ်ဦးဖြစ်သူ Alisher Ali က ပြောကြားခဲ့ပါသည်။ အဆိုပါ ရန်ပုံငွေသည် ပညာဦးဆောင် မောင်းနှင်မည့် လုပ်ငန်းများ တွင် အဓိကထား သုံးစွဲမှာဖြစ်ပြီး အင်တာ နက်၊ သတင်းနှင့် နည်းပညာ၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ပါဝင်ကြောင်း ယင်းက ပြောကြားခဲ့သော်လည်း မည်သည့် ကုမ္ပဏီများ ဖြစ်သည်ကိုမူ ဖော်ပြရန် ငြင်းဆိုခဲ့ပါသည်။
“မြန်မာနိုင်ငံရဲ့ အသားတင် ပြည်တွင်း ထုတ်လုပ်မှုသည် ငါးနှစ်အတွင်း လွယ်လွယ်ဖြင့် နှစ်ဆဖြစ်သွားမှာပါ” ဟု Ali က ပြောကြား ခဲ့ပါသည်။ ယင်းက ဆက်လက်၍ “စက်မှုလုပ်ငန်း တွေလည်း ထိုအတော အတွင်းမှာပဲ သုံးဆ မြင့်တက် သွားမှာပါ”ဟု ဖြည့်စွက်ပြောကြား ခဲ့ပါသည်။
နှစ်ပေါင်းအတော်ကြာ ကမ္ဘာ့ ဘဏ္ဍာရေးစနစ်၏ ပြင်ပသို့ရောက် ရှိနေသော မြန်မာနိုင်ငံသည် ယခုအခါ နိုင်ငံတ ကာ ရင်းနှီးမြှုပ်နှံသူ များ၏ အလေးပြုအာရုံထားမှုကို ခံစားနေရပေသည်။ လွန်ခဲ့သော စက်တင်ဘာလ အတွင်း နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ တွက်ချက်မှုအရ မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၄ဝ ရာခိုင်နှုန်း မြင့်တက်လာမှာ ဖြစ်ပြီး ၃.၉၉ ဘီလီယံ ဒေါ်လာ စံချိန်သစ် အမှတ်သို့ ယခုနှစ်အတွင်း ရောက်ရှိမှာ ဖြစ်ပါသည်။
ပိုးလမ်းမကြီး အုပ်စုကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ သုံးနှစ်အတွင်း သန်း ၁ဝဝ မျှ ရှိနိုင်ပြီး ထိုထက် ပိုရန် ကြိုးပမ်းရမှာ ဖြစ်ကြောင်း က ပြောကြားခဲ့ပါသည်။
မွန်ဂိုလီးယား အခြေစိုက် The Ulan Bator ကုမ္ပဏီသည် သန်း ၃ဝ မျှရှိသော ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီး မြှုပ်နှံမှု ကို မြန်မာ နိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်။ မွန်ဂိုလီးယားရှိ မွန်ဂိုလီးယား စတော့ရှယ်ယာ ဈေးကွက်တွင် ထိပ်တန်းကုမ္ပဏီ ၂ဝ သည် လွန်ခဲ့သော ဆယ်စုနှစ် အတွင်း ရှယ်ယာဈေး ၁ဝ ဆမျှ မြင့်တက်ခဲ့ပြီး Bloomberg အကဲဖြတ်ချက်အရ ကမ္ဘာ့ အစုရှယ်ယာ ဈေးကွက် ၉၃ ခုတွင် ၅ ခုမြောက် အကောင်းဆုံးအဖြစ် မွန်ဂိုလီးယား အစုရှယ်ယာ ဈေးကွက်ကို သတ်မှတ်ထားပါသည်။
ခြေဦးသူ တစ်ပန်းသာ
“လက်ရှိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာမှာ ခြေဦးသူ တစ်ပန်းသာ စေပါတယ်” ဟု စင်္ကာပူ အခြေစိုက် Mizuho Corporated Bank Ltd မှ ဘောဂဗေဒ ပညာရှင် Vishnu Varathan က ပြောကြားခဲ့ပါသည်။
“မြန်မာအစိုးရဆီကနေ ယုံကြည် စိတ်ချရလောက်တဲ့ အချက်ပြမှုတွေ တွေ့နေရတယ်။ အစိုးရက ထင်သာ မြင်သာမှုကို တိုးမြှင့်နေတယ်။ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် ရေရှည်တည်တံ့နိုင်မယ့် အဆောက် အအုံကို ဖန်တီးနေ ပါတယ်။ ပြောရမှာ တစ်ခုက နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေဟာ မတည်ငြိမ်သေးဘူး ဆိုတာကို ကျွန်တော်တို့ မမေ့ဖို့လိုပါတယ်”ဟု Vishnu က ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ငွေကြေးလွှဲပြောင်းမှု စနစ်မှာ ပုံစံမကျသော လမ်းကြောင်းပေါ်တွင် ရှိနေရာမှ မြန်မာအစိုးရသည် ထိန်းချုပ်၍ရသော ဘဏ္ဍာရေးစနစ် တစ်ခုဖြစ်ပေါ်လာရန် ပြင်ဆင်နေပါသည်။ ယခုအခါ ဝက်စတင်း ယူနီယံ (Western Union) နှင့် ကိုကာကိုလာ ကုမ္ပဏီ (Coca-Cola Co.) တို့သည် မြန်မာနိုင်ငံသို့ စတင်အခြေချပြီဖြစ် ပါသည်။ လွန်ခဲ့သော ဧပြီလက ငွေကြေး လဲလှယ်မှုကို နှုန်းရှင်အဖြစ် မျှောချခဲ့ခြင်းနှင့်အတူ ထုတ်ကုန် သွင်းကုန် အတားအဆီးများကို လျှော့ချ ခဲ့ကာ ပုံစံမကျသော ငွေကြေး လွှဲပြောင်းမှုမှ ပုံစံတကျ ငွေကြေးလွှဲ ပြောင်းမှု ပုံစံပေါ်ပေါက် လာရန် ကြိုးပမ်းခဲ့ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလအတွင်း ပြောကြားခဲ့ပါသည်။
နောက်ကြောင်း မပြန်နိုင်သည့် ဖြစ်စဉ်
“(မြန်မာ)အစိုးရရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်နေမှု ဖြစ်စဉ် ဟာ နောက်ကြောင်းပြန်မှာ မဟုတ်ပါဘူး” ဟု Ali က ပြော ကြားခဲ့ပါသည်။ Ali သည် ဈေးကွက်သစ်များ ဖြစ်ခဲ့သော မွန်ဂိုလီးယား နှင့် ကာဇက်စတန်နိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲခြင်းနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ အတွေ့အကြုံ ၁၆ နှစ်မျှ ရှိခဲ့သူ ဖြစ်ပါသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၏ အောက်တိုဘာ ကမ္ဘာ့စီးပွားရေး စစ်တမ်းအရ ဗီယက်နမ်၏ ဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ ၅.၁ ရာခိုင် နှုန်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်မှုနှုန်းမှာ ၄.၈ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ ၆ ရာခိုင်နှုန်း ရှိခဲ့ကြပြီး မြန်မာနိုင်ငံသည်ကား ၆.၂ ရာခိုင် နှုန်း ဖွံ့ဖြိုး တိုးတက်မှု ရှိခဲ့ပါသည်။
မြန်မာ့ပါလီမန်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို သမ္မတထံ အတည်ပြု လက်မှတ်ရေးထိုးရန် ပေးပို့ ခဲ့သည်ဟု ဥပဒေပြု ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပါသည်။ အဆိုပါ မူကြမ်းတွင် အကဲဖြတ်သော ကဏ္ဍများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အချိုးအစားကို ပယ်ဖျက်ထားခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ကုမ္ပဏီများနှင့် ညှိနှိုင်း ဆောင်ရွက်ရန် အခွင့်အာဏာကို ပေးအပ်ထားကြောင်း သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥပဒေပြု အမတ် ဦးအေးမောင်က ထုတ်ဖော် ပြောကြားခဲ့ပါသည်။
မြှင့်တင်နိုင်ခဲ့လေပြီ
ကုမ္ပဏီ အချို့သည် ယင်းတို့ သန်ရာသန်ရာ စက်မှုလုပ်ငန်းများမှ နောင်တွင် လိုအပ်သည်ထက်ပို၍ အောင်မြင်မှု ရလာနိုင်ပြီး ထိုသို့ အောင်မြင်ရန်လည်း မြှင့်တင်နိုင်ခဲ့ကြကြောင်း က ပြောကြားခဲ့ပါ သည်။ မြန်မာနိုင်ငံ၏ အင်တာနက် ဈေးကွက်သည် လာမည့်သုံးနှစ် အတွင်း ၆ဝ ရာခိုင်နှုန်းမျှ တိုးတက် လာမည်ဖြစ်ပြီး စာနယ်ဇင်းနှင့် သတင်းနည်းပညာ ဈေးကွက်သည် ၅ဝ ရာခိုင်နှုန်းမျှ ထိုအတောအတွင်း မှာပင် တိုးတက်လာမှာ ဖြစ်ကြောင်း၊ ပိုးလမ်းမအုပ်စု၏ ခန့်မှန်းချက်တွင် ဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု တို့သည် နှစ်စဉ် ၃ဝ ရာခိုင် နှုန်းမျှ တိုးတက်လာမှာဖြစ်ပြီး ဆက်သွယ်ရေးနှင့် ဘဏ္ဍာရေး အဖွဲ့အစည်း များသည်လည်း အလားတူ တိုးတက်လာနိုင်ကြောင်း ပိုးလမ်းမအုပ်စုမှ ခန့်မှန်းထားပါ သည်ဟု Ali က ပြောကြားခဲ့ပါ သည်။
ပိုးလမ်းမအုပ်စုသည် စီးပွားရေး အချက်အချာကျသော ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်ကို အောက်တို ဘာလအတွင်း အစုရှယ်ယာအညွှန်း ကိန်းပြလုပ်ငန်းတစ်ရပ်စတင်ခဲ့ပြီး ယင်းတို့အုပ်စုသည် အာရှတွင် အစု ရှယ်ယာညွှန်းကိန်း ၇ ခုပိုင်ဆိုင်မှု ရှိကြောင်း ပိုးလမ်းမအုပ်စု၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။
ပိုးလမ်းမအုပ်စု၏ ဦးပိုင်ကုမ္ပဏီ ဖြစ်သော ပိုးလမ်းမဘဏ္ဍာ (Silk Road Finance) သည် မန္တလေး ကက် ပီတယ် အမည်ရသော ရင်းနှီးမြှုပ်နှံမှု ဘဏ်တစ်ခုကို မြန်မာနိုင်ငံတွင် စတင်အခြေစိုက်ခဲ့ပြီးဖြစ်ပါသည်။ ထိုလုပ်ငန်းမှာ မြန်မာတို့နှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်မှုဖြစ်ပြီး ယခုနှစ်ဆန်းမှ စတင်လုပ်ကိုင်ခဲ့ကာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလို သူများနှင့် မြန်မာ့စီးပွားရေးကို ဆက်သွယ်ပေးခြင်းနှင့်အတူ ဘဏ္ဍာငွေ ရှာဖွေခြင်း၊ အကြံပေးခြင်းတို့ကို တစ်ပါတည်း လုပ်ကိုင်မည်ဖြစ်ပါသည်။ အဆိုပါ ပိုးလမ်းမဘဏ္ဍာ (Silk Road Finance)သည် Ali ၏ ကွပ်ကဲမှုအောက်တွင် ရှိပါသည်။
အလိုဆန္ဒအတွက် စွန့်စားမှု
“ယခုအချိန် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရခြင်းသည် သေချာမှုရှိရန် တစ်ခုခုလုပ်ဆောင်ရာမှာ စွန့်စားမှုတွေ ပြည့် နေပါတယ်။ အနာဂတ်အတွက် အကျိုးအမြတ်ရှိ မှာဆိုတာကတော့ ခြေဦးသူတစ်ပန်း သာမှုက ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်”ဟု ဆစ်ဒနီရှိ Macquarie University မှ မြန်မာ့စီးပွားရေး သုတေသီ တွဲဖက် ပါမောက္ခ Sean Turnell က အီးမေးလ် အမေးအဖြေ တစ်ခုတွင် ဖြေကြားခဲ့ပါသည်။
မြန်မာ အာဏာပိုင်များ၏ အဆိုအရ မတည်မငြိမ် ဖြစ်နေသော ရခိုင် ပြည်နယ်ဒေသအချို့တွင် လက်နက်များ ဖမ်းဆီးရ ခဲ့ကြောင်း၊ ရခိုင် ဗုဒ္ဓဘာသာများနှင့် ဘင်္ဂါလီများ အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဖြစ်ပွားသော အကြမ်းဖက်မှု များကြောင့် သေဆုံးသူ ဦးရေ ၈၉ ဦး ရှိခဲ့ကြောင်း၊ အိမ်ခြေပေါင်း ၅ဝဝဝ အနည်းဆုံး ပျက်စီးခဲ့ရပြီး လူပေါင်း ၃၂ဝဝဝ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သမ္မတ ဦးသိန်းစိန်၏ ဝက်ဘ်ဆိုက်တွင် ယခုအပတ် အစောပိုင်းက ဖော်ပြထားပါသည်။
မြန်မာ့ စတော့ရှယ်ယာ ဈေးကွက်သည် ၂ဝ၁၅ တွင် အပြည့်အဝ ပေါ်ထွန်းလာမှာ ဖြစ်ပြီး ပိုးလမ်းမ အုပ်စု ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် အများပိုင် အဆင့် တက်လှမ်းနိုင်ရန်မှာ ၂ နှစ်မှ ၄ နှစ်အထိ စောင့်ရ ဦးမည်ဖြစ်ပါသည်ဟု Ali က ပြောကြားပါသည်။ သို့သော် ပိုးလမ်းမ အုပ်စု၏ ကုမ္ပဏီအချို့သည် စင်္ကာပူ (သို့မဟုတ်) လန်ဒန်စတော့ ဈေးကွက်များ၌ တန်ဖိုးနည်း အစုများဖြင့် စတင်ကာ ဈေးကွက် အတွင်း အများပြည်သူကို အစပြု ဦးဆောင် ရောင်းချခြင်း ပြုလုပ်လာမှာ ဖြစ်ပါသည်။
အိုင်ပီအိုလမ်းမဝယ်
Ali ၏ ပြောကြားချက်အရ (ပိုးလမ်းမအုပ်စု)ကုမ္ပဏီတစ်ခုချင်း သည် ရင်းနှီးမြှုပ်နှံမှုလုပ်ကြမှာဖြစ် ပြီး အိုင်ပီအို အသိအမှတ်ပြု လမ်းကြောင်းပေါ်၌ တည်ရှိကြမှာ ဖြစ်ပါသည်။
ဦးသိန်းစိန်၏ အရပ်သား အစိုးရသည် ယမန်နှစ်က စစ်အုပ်ချုပ် ရေးကို အဆုံးသတ်စေခဲ့ကာ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး လမ်းကြောင်းပေါ်သို့ တွန်းတင်ခဲ့ပါသည်။ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ အလုပ်အကိုင် အခွင့် အလမ်း မြောက်မြားစွာကို ဖန်တီးလိုဟန် ရှိပေသည်။ အနောက်နိုင်ငံများသည် ဦးသိန်းစိန်ကို နွေးထွေးစွာ ကြိုဆို ခဲ့ကြပါသည်။ လွန်ခဲ့သော ဇူလိုင်လတွင် အမေရိကန် အစိုးရက ၁၅ နှစ်အတွင်း မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှု အစပြုခဲ့ပါသည်။ အမေရိကန် နိုင် ငံခြားရေး ဝန်ကြီး ကလင်တန်ကလည်း သမ္မတဦးသိန်းစိန်နှင့် နယူးယောက် မြို့တွင် လွန်ခဲ့သော စက်တင်ဘာ လအတွင်း၌ တွေ့ဆုံခဲ့ပြီး ကလင်တန်က မြန်မာ့ပို့ကုန် တားမြစ်ချက် ရုပ်သိမ်းခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေး ကူးလူးဆက်ဆံမှု ပုံမှန်ဖြစ်ရေးကို ဦးတည်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့၏ ၂ဝ၁၁ ခုနှစ် ညွှန်းကိန်း အရ မြန်မာနိုင်ငံသည် ခြစားမှု အဆင့်မှာ ကမ္ဘာပေါ်တွင် တတိယ အဆင့်၌ ရှိနေပေသည်။ Ali ကမူ ယင်းတို့၏ လုပ်ငန်းများသည် ခြစားမှုအောက်တွင် မရှိပါဟု အကောင်း မြင်မှု ရှိနေပြီး ကဏ္ဍအလိုက် လုပ်ပိုင်ခွင့်များ ပျံ့နှံ့နေခြင်းနှင့်အတူ လိုင်စင်စနစ် အတွင်း ပါဝင် ပတ်သက်မှု တော့ရှိကြောင်း ယင်းက ပြောကြား ခဲ့ပါသည်။
( businessweek.com မှ Silk Road Investment for Myanmar Fund; Southeast Asia ဆောင်းပါးမှ ထုတ်နုတ် တင်ပြအပ်ပါသည်.
 
ဒီမှာအင်္ဂလိပ်လို>>>Silk Road Plans Investments for Myanmar Fund: Southeast Asia
 
 
Ref:myanmar1

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!