Popular Posts!

Tuesday, February 19, 2013

သမ္မတ ဦးသိန်းစိန် (သို့မဟုတ်) စစ်အာဏာရှင်စနစ်က မွေးဖွားပေးလိုက်သော ပြုပြင်ပြောင်းလဲရေးသမား

January 11, 2013 by နေသွင်  
မြန်မာပြည်အပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အခုတော့ ရုပ်သိမ်းသွားပါပြီ။ အနောက်တိုင်းသား လုပ်ငန်းရှင်တွေလည်း မြန်မာပြည်ဆိုတဲ့ စီးပွားရေးနယ်မြေသစ်ထဲကို တဖွဲဖွဲနဲ့ သွားနေကြပါတယ်။
 
နိုင်ငံရေးမှာ မယုံနိုင်စရာ အပြောင်းအလဲတွေက တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ထဲကနေ ပေါ်ထွက်လာခဲ့ တာပါ။ ပြုပြင်ပြောင်းလဲရေးသမားတွေထဲမှာ အရေးပါတဲ့ လူတယောက်ကတော့ ဦးသိန်းစိန်ပါ။ မြန်မာပြည်ရဲ့ ဂိုဘာ့ဂျော့ဗ်လို့လည်း ခေါ်ကြပါတယ်။ လောလောဆယ် ရုရှားရဲ့ ဒီမိုကရေစီခရီးက ဒယိမ်းဒယိုင် နောက်ပြန်လှည့်နေပေမယ့် မြန်မာပြည်ကတော့ ရုရှားနဲ့ မတူတဲ့ လမ်းကြောင်းပေါ်မှာ အပြောင်းအလဲအတွက် ရှေ့ကို ချီတက်နေပါတယ်။
 
သမ္မတ ဦးသိန်းစိန်လက်ထက်မှာ စစ်အစိုးရလက်ထက်တုန်းက မညှာမတာ နှိပ်ကွပ်ထားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်၊ အတိုက်အခံတွေနဲ့ စေ့စပ်ရေးတွေ လုပ်ခဲ့ပါတယ်။ စက်တင်ဘာလတုန်းက အမေရိကန်ပြည်ထောင်စု နယူးယော့ခ်က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ဦးသိန်းစိန်က တချိန်က သူကိုယ်တိုင် အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ အာဏာရှင်စနစ်ရဲ့ အမူအကျင့်တွေအကြောင်း ၀န်ခံခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂုဏ်ပြုစကားပြောခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရေးကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာကို ၀မ်းမြောက်” တဲ့ အကြောင်း ပြောခဲ့ပါတယ်။
တကယ်တမ်းကျတော့ ဗိုလ်မှူးသိန်းစိန် ဘ၀မှာကတည်းက သူ့စရိုက်ကို အရိပ်အမြွက်ပြတဲ့ အဖြစ်အပျက်ရှိ ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူသိထင်ရှားစေခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီထောက်ခံတဲ့ လူထုအုံကြွမှုတွေကို ရက်သတ္တပတ်တွေအတွင်းမှာပဲ ဗိုလ်ချုပ်တွေက နှိမ်နင်းခဲ့ပါတယ်။ ကျောင်းသားတွေ၊ သံဃာတွေ ပါဝင်တဲ့ ဆန္ဒပြသမား ထောင်ပေါင်းများစွာဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရပါတယ်။
တခြား တိုင်းမှူးတွေက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်သွင်း အကျဉ်းချနေတဲ့အချိန်မှာ ဗိုလ်မှူး သိန်းစိန်က တချို့ကို တိတ်တဆိတ် ပြန်လွှတ်ပေးခဲ့ပါတယ်။
“သမ္မတကြီးက လူရိုး၊ လူကောင်း” လို့ ရေတပ်ဦးစီးချုပ်ဟောင်းနဲ့ အခု လက်ရှိ သမ္မတရုံးမှာ ပြုပြင်ပြောင်းလဲရေးသမားတယောက်ဖြစ်တဲ့ ဦးစိုးသိမ်းက ဆိုပါတယ်။
“သမ္မတ ကြီးက တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ဗျ၊ နိုင်ငံရေးသမားမဟုတ်ဘူး” လို့လည်း ဦးစိုးသိမ်းက ဆိုပါတယ်။
တချိန်တုန်းက အရှိန်အ၀ါကြီးတဲ့ စစ်အစိုးရဟာ ၂၀၀၈ ဆိုင်ကလုန်းကြောင့် တိုင်းပြည်ကို ချေမွှဖျက်ဆီးသွားတဲ့ အချိန်မှာ ပြုပြင်ပြောင်းလဲဖို့ တာစူလာခဲ့ပါတယ်။ ကယ်ဆယ်ထူထောင်ရေး လုပ်ငန်းတွေမှာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်သူတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးတွေက အစိုးရအပြောင်းအလဲကို ရှောင်ဖို့ အမေရိကန် ဒေါ်လာ သန်းထောင်ပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ခဲ့တဲ့ ဗုန်းခိုကျင်းနဲ့ တူတဲ့ နေပြည်တော်မှာ နေပါတယ်။ ဒါပေမယ့် အခြေအနေတွေ စတင်ပြောင်းလဲနေပြီဆိုတာကို စစ်အစိုးရကိုယ်တိုင်လည်း နားလည်လာကြပါတယ်။
အဲဒီအချိန်တုန်းက စစ်အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အသက်က အခုဆိုရင် ၈၀ ကျော်ထဲကို ရောက်နေပါပြီ။ သူ့နေရာကို ဘယ်သူ ဆက်ခံမလဲ ဆိုတဲ့ ကိစ္စကို စိုးရိမ်ခဲ့တယ်ဆိုတာ သေချာပါတယ်ဒ။ အရင်စစ်အစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေကို ပင်စင်တွေပေးပြီး တာဝန်ကနေ ရပ်စဲခဲ့ပါတယ်။
“တပ်ချုပ်ကြီးက အိမ်ချုပ်ဘ၀နဲ့ သေရမယ့် အဖြစ်မျိုးကို မလိုလားခဲ့ဘူး” လို့ သမ္မတ ဦးသိန်းစိန်ရဲ့ လက်ထောက်တယောက်က ပြောပါတယ်။
“ဦးသိန်းစိန်ကိုတော့ သူက ယုံကြည်တယ်။ သူ့ကို အိနြေ္ဒရရ မြင်ကွင်းကနေ ပျောက်သွားအောင် ကတိအတိုင်း လုပ်ပေးမယ်ဆိုတာကို သူ စိတ်ချတယ်” လို့ ဆိုပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်ကတော့ သူနဲ့ သူ့ဆရာနဲ့ ပုံမှန် စကားမပြောဖြစ်ဘူးလို့ ဆိုပါတယ်။
အခုအချိန်အထိ ရာထူးသက်တမ်းအတွင်းမှာ ချီးကျူးထောပနာ ပြုနေကြပေမယ့် သမ္မတ ဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့အတွက် အကျပ်အတည်းသစ်တွေက ရှိနေပါတယ်။ ဒီအပြောင်းအလဲမှာ ဦးသိန်းစိန်ဆိုတဲ့ ပုဂ္ဂိုလ်က မရှိမဖြစ် ဆိုရင် နှလုံးခုန်စက် ထည့်ထားရတဲ့ သူ့ရဲကျန်းမာရေးကလည်း စိတ်မချရတဲ့ အနေအထားမျိုးပါ။”
အပြောင်းအလဲကာလ ခေါင်းဆောင်တယောက်အနေနဲ့ သတ်မှတ်ခံရတဲ့ ဦးသိန်းစိန်ဟာ သူ့ကိုယ်ထဲက အပြောင်းအလဲတွေ (အနိစ္စတရား) တွေကိုတော့ လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ ဒါက အန္တရာယ်တရပ်ပါ။
မြန်မာပြည်ကို နိုင်ငံတကာရဲ့ အစစ်အမှန်ထောက်ခံလာဖို့ဆိုရင် ချွတ်ခြုံကျနေတဲ့ စီးပွားရေးပြဿနာကို ကိုင်တွယ်ဖို့ လိုသလို၊ ဥပဒေသစ်တွေက ပေးထားတဲ့ ကတိက၀တ်တွေအတိုင်း ထင်သလောက် လက်တွေ့ဖြစ်မလာသေးတဲ့ ပြဿနာကိုလည်း ဖြေရှင်းဖို့လိုပါတယ်။
မြန်မာပြည်ရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ကြည့်ရင် ၂၀၁၂ ပထမ ၉ လအတွင်းမှာ ၀င် ရောက်လာတဲ့ ပမာဏဟာ ၂၀၁၁ က အခြေအနေနဲ့ နှိုင်းယှဉ်ရင် ကျဆင်းနေတာကို တွေ့နိုင်ပါတယ်။ အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီတွေဟာ တိုင်းပြည်ရဲ့ သဘာဝ သံယံဇာတတွေကို ၀ါးမျိုနေကြပါတယ်။ မြေတွေကို သိမ်း၊ မျက်နှာသာပေးခံထားရတဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း သိမ်းပိုက်ထားကြပါတယ်။ တိုင်းပြည်ထဲမှာ အဂတိလိုက်စားမှုတွေကလည်း ကပ်ရောဂါတခုလို ပျံ့နှံ့နေပါတယ်။
နိုဝင်ဘာလတုန်းကပဲ တရုတ်လက်နက်ကုမ္ပဏီတခုနဲ့ နွယ်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို သံဃာတော်တွေ ဦးဆောင်ပြီး ဆန္ဒပြကြတဲ့အခါ သူတို့ရဲ့ မူလဗီဇ လူမိုက်ရုပ်တွေ ဘွားကနဲ့ ပြန်ပေါ်လာပါတယ်။ စစ်အစိုးရလက်ထက်တုန်းကလို အကြမ်းဖက်နည်းတွေကိုပဲ သုံးပြီး ကြေနီ သပိတ်ကို နှိမ်နင်းခဲ့ပါတယ်။
အရေးအကြီးဆုံးလို့ ဆိုနိုင်တဲ့ စိန်ခေါ်မှုတရပ်ကတော့ တအုံနွေးနွေး ရှိနေတဲ့ တိုင်းရင်းသားအရေးပါ။ တိုင်းရင်းသားအချင်းချင်း မယုံကြည်မှုတွေ၊ ဆယ်စုနှစ်တွေ ချီပြီး သက်တမ်းရှည်နေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်နဲ့ နိုင်ငံမဲ့ အရေအတွက် တသန်းနဲ့ အထက်မှာ ရှိနေပါတယ်။
အဓိက ပဋိပက္ခဒေသတခုကတော့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ ရိုဟင်ဂျာလို့ ခေါ်ကြတဲ့ မွတ်စလင်ဘာသာဝင်တွေ နေထိုင်တဲ့ မြန်မာပြည် အနောက်ပိုင်း ရခိုင်ပြည်နယ်ပါပဲ။ ဇွန်လကစလို့ ရခိုင်နဲ့ မွတ်စလင်ဘာသာဝင် ဒေသခံတွေအကြား ပဋိပက္ခကြောင့် ပြည်နယ်တခုလုံးမှာ အနည်းဆုံး လူ ၁၀၀ လောက် သေဆုံးသွားပြီး သောင်းနဲ့ ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
သမ္မတ ဦးသိန်းစိန် အာဏာရလာတဲ့အချိန်ကစလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထားပါတယ်။ လောလောဆယ်မှာတော့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ) တဖွဲ့တည်းနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ တရုတ်ပြည်နဲ့ နယ်စပ် ကချင်ဒေသမှာ ၂၀၁၁ ဇွန်လက စခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ ရာနဲ့ချီပြီး သေဆုံးခဲ့ပြီး ဖြစ်သလို၊ ၁ သိန်းဝန်းကျင်လောက် အိမ်ခြေမဲ့ ဒုက္ခသည်ဘ၀ရောက်နေရပါတယ်။
ဒုက္ခသည်တွေဟာ နိုင်ငံတကာ အကူအညီတွေလည်း မရကြပါဘူး။ ဒီရက်ပိုင်းတွေ အတွင်းမှာပဲ အစိုးရ စစ်တပ်ဘက်က ကချင်တပ်တွေကို လေကြောင်းကနေ သဲကြီးမဲကြီး ထိုးစစ်ဆင်နေပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ တိုင်းရင်းသားအရေးကို ဖြေရှင်းဖို့ဆိုရင် နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ “ဒီမိုကရေစီ အပြည့်အ၀ရှိတဲ့ အစိုးရမျိုးကပဲ ငြိမ်းချမ်းရေးကို ရေရှည် တည့်တံ့အောင် ထိန်းထားနိုင်လိမ့်မယ်” လို့ ပြောပါတယ်။
တိုင်းရင်းသားလူမျိုးစုငယ်တွေက သဘာဝသယံဇာတတွေ ကြွယ်ဝတဲ့ ဒေသတွေမှာ နေထိုင်ကြပါတယ်။ သူတို့အပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်တယ်လို့ မခံစားရဖို့ လိုအပ်ပါတယ်။ လောလောဆယ်မှာ တိုင်းရင်းသားတွေနဲ့ အာဏာခွဲဝေရေးကိစ္စကို ဆောင်ရွက်နေသူကတော့ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းပါ။
“သမ္မတကြီးမှာ လုပ်ချင်တာတွေ အများကြီးပဲ။ ပဋိပက္ခကို ဖြေရှင်းတဲ့ နေရာမှာ စစ်တပ်က နောက်ဆုံးအပိုင်းကျမှ ပါရမယ်ဆိုတာကို သမ္မတကြီး သိပါတယ်” လို့ ဦးအောင်မင်းက ပြောပါတယ်။
အစိုးရ စစ်တပ်က ကချင်ပြည်နယ်မှာ အမြောက်တွေနဲ့ တိုက်ခိုက်နေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ ငြိမ်းချမ်းရေးယူဖို့ ကြိုးစားနေတဲ့ သမ္မတ ဦးသိန်းစိန်အတွက် ဒုက္ခတွေ့နေရပါတယ်။
ဒါပေမယ့် ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထားကတော့ တမျိုးပါ။ ရိုဟင်ဂျာတွေဟာ တရားမ၀င်ပြောင်းရွှေ့လာသူ ဘင်္ဂါလီတွေ ဖြစ်တာကြောင့် သူတို့ကို ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ဖို့ အရင်တုန်းက သဘောထားပေးခဲ့ဖူးပါတယ်။ TIME က အင်တာဗျူးနေတဲ့ တချိန်လုံးမှာ သမ္မတ ဦးသိန်းစိန်အတွက် စိတ်အခန့်မသင့်ဖြစ်သွားစေတဲ့ အချိန် တချိန်ပဲ ရှိပါတယ်။ ရိုဟင်ဂျာတွေ နဲ့ပတ်သက်လို့ မေးတဲ့ အချိန်ပါ။
ရိုဟင်ဂျာတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ မေးတဲ့အခါ (မေးခွန်းကို မဖြေဘဲ) “နောက်မေးခွန်းတခုမေးပါ” လို့ သမ္မတ ဦးသိန်းစိန်က တုံ့ပြန်ခဲ့ပါတယ်။
(TIME သတင်းထောက် Hannah Beech ရေးသည့် The Regime’s Inner Reformist: Can Thein Sein Change Burma? ဆောင်းပါးကို ဘာသာပြန်ပါသည်)
Ref:burmese dvb.no

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!