Popular Posts!

Wednesday, February 6, 2013

ရန်ကုန်ကွန်ဒို ငှားလိုသူ များ၊ ငှားပေးနိုင်သူ နည်း၊ ဈေးကွက် ဆက်ရှိ


ရန်ကုန်မြို့ တိုက်ခန်း အငှားဈေးကွက်အတွင်း ကွန်ဒိုတိုက်ခန်းများမှာ ငှားလိုသူက ပိုမိုများပြားနေကာ ငှားပေးနိုင်သူမှာ ရှားပါးလာသော်လည်း ကွန်ဒိုတိုက်ခန်း အငှားဈေးကွက်မှာ ဆက်ရှိနေကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု အကျိုးဆောင်အသင်းက ဆိုသည်။
“အငှားဈေးကွက်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် သူတွေထဲက ရှေ့ပြေး လာရောက်ကြတဲ့ နိုင်ငံခြားသားတွေဟာ ကွန်ဒိုတိုက်ခန်းတွေနဲ့ ဓါတ်လှေကားပါတဲ့ အဆင့်မြင့် တိုက်ခန်းတွေကို အများဆုံး ငှားလိုကြတယ်” ဟု ယင်းအသင်းမှ ဒု-ဥက္ကဋ္ဌ တဦးက ပြောသည်။
ထို့အပြင် ရန်ကုန်မြို့မှာ စီးပွားရေးမြို့တော်ဖြစ်နေ၍ ရုံးခန်း ဖွင့်လိုသူများကလည်း ကွန်ဒို တိုက်ခန်းကိုသာ ငှားလိုကြ ကာ ငှားလိုသူ များကာ၊ ငှားပေးနိုင်သူ နည်းလာရခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိ အိမ်ခြံမြေ ဈေးကွက်မှာ ငြိမ်နေပြီး အငှားဈေးကွက်မှာ စက်တင်ဘာလ နောက်ပိုင်းမှ စတင်ကာ အငှားဈေးကွက် ပိုလိုက်လာသည်။
“သီတင်းကျွတ်ပြီး နောက်ပိုင်း တိုက်ခန်းအငှားတွေက နှစ်ချုပ်ပြည့်လို့ ပြန်ပြီး စာချုပ်ပြီးကုန်ကြပြီ။ နေရာ တော်တော် များများလည်း အငှားပြည့်နေပြီ။ အခန်းလွတ်က ရှားသွားပြီ။ အငှားဈေးလည်း နည်းနည်း မြင့်သွားတယ်” ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ ဦးသန်းဦး က ဆိုသည်။
ယခင်နှစ်များက ပုလဲကွန်ဒို တိုက်ခန်းများမှာ တလလျှင် ကျပ် ၅ သိန်းနှင့် ၆ သိန်း ဝန်းကျင်သာ ရှိခဲ့ပြီး ယခုအခါ အနိမ့်ဆုံး ဈေးမှာ ကျပ် ၈ သိန်းကျော်တွင် ရှိနေသည်ဟု ဆိုသည်။
“ကျနော့်ကုမ္ပဏီအနေနဲ့ ဒီဇင်ဘာလထဲမှာ အငှား ဝန်ဆောင်မှု ပေးခဲ့ရတာတွေ ရှိပါတယ်။ ဗဟန်းမြို့နယ်ထဲက ကွန်ဒိုကို ၁ လ ကျပ် ၈ သိန်းကနေ ကျပ် ၁၂ သိန်းဈေးတွေနဲ့၊ တောင်ဥက္ကလာဘက်မှာ လူနေဆိုင်ခန်းနဲ့ တွဲထား တာတွေ ၁ လကို ကျပ် ၆ သိန်းခွဲကနေ ကျပ် ၇ သိန်းနဲ့၊ သင်္ကန်းကျွန်းမြို့နယ် လမ်းမတန်းက ကွန်ဒိုတွေကို ၁ လ ကျပ် ၁ဝ သိန်းကနေ ၁၂ သိန်းနဲ့ အငှားဈေး တည့်ကြတယ်” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။
ထို့အတူ လှိုင် မြို့နယ်၊ အင်းစိန်လမ်းမပေါ်တွင် လုံးချင်း ဂိုဒေါင်အချို့အား ၁ လလျှင် ကျပ် ၆ သိန်းမှ ၁၀ သိန်း ဝန်းကျင်ဖြင့် အငှားတည့်ခဲ့ကြောင်း အရပ်ပွဲစား ဒေါ်ခင်လှ က ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်တွင် ရုံးခန်း ဖွင့်လှစ်ရန် ရိုးရိုး တိုက်ခန်း၊ ဒုတိယထပ်အား ၁ လလျှင် ကျပ် ၄ သိန်း ဝန်းကျင်ဖြင့်၊ ဒုတိယထပ်၏ ထပ်ခိုးအခန်းအား ကျပ် ၂ သိန်းဖြင့်၊ အင်းစိန်လမ်းမပေါ်တွင် မြေညီထပ်ဆိုင်ခန်း ၁ ခန်းအား ၁ လလျှင် ကျပ် ၁၂ သိန်းတို့ဖြင့် အငှားတည့်ခဲ့ကြောင်း သိရှိရသည်။
Ref;myanmar1

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!