Popular Posts!

Monday, February 11, 2013

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကင်ဆာ ရောဂါ အဖြစ်အများဆုံး နိုင်ငံ ၁၀ နိုင်ငံတွင် နံပါတ်၂ နေရာ၌ ရှိနေကြောင်း

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကင်ဆာ ရောဂါ အဖြစ်အများဆုံး နိုင်ငံ ၁၀ နိုင်ငံတွင် နံပါတ်၂ နေရာ၌ ရှိနေကြောင်း  7daynewsjournal မှဝတ်ရည်အောင် ရေးသားထားတာကိုတွေ့ရလို့ အထူးသတိပေးချင်တာနှင့် ကူးယူးဖော်ပြလိုက်ပါတယ်....
 
ငွေမြန်မြန်ပေါ်အောင် ပိုးသတ်ဆေးသုံးထားပြီး ဈေးကွက်သို့မြန်မြန်ပို့လိုက်ရသည့် အစားအစာများမှ ဓာတုအကြွင်းအကျန် များကြောင့်လည်းကောင်း၊ အရောင်လှကြိုက်သည့် အိမ်ရှင်မများအတွက် ပိုမိုအသုံးပြုထားသည့် အရောင်တင်ဓာတုပစ္စည်း များကြောင့်လည်းကောင်း ၊ တူးအောင်ကင်ထားသည့် အစားအစာအမျိုးမျိုး၊ တာရှည်ခံအောင် ထည့်သွင်းထားသော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအစာများ နေ့စဉ်စားသုံးသော ဆီ၊ ငရုတ်စသည်တို့တွင် ပါဝင်နေသည့် အဆိပ်အတောက်ဖြစ်စေသော မှိုဆိပ်များ ကြောင့်လည်းကောင်း၊ အပူချိန်ပြင်းပြင်းနဲ့ကြော်ထားတဲ့ အာလူးကြော်မှ ထွက်ရှိလာသည့် အဆိပ်များ ကြောင့်လည်းကောင်း စသည့်စသည့် နေ့စဉ်စားနေကြသည့်အစားအစာများမှ အာဟာရများအပြင် အဆိပ်များပါ ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်းစုံပြုံလာသည့် နောက်ဆက်တွဲရောဂါလည်းဖြစ်သည်။
 

ကင်ဆာပြဿနာ ကြီးထွားလာ

Photoမြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကင်ဆာ ရောဂါ အဖြစ်အများဆုံး နိုင်ငံ ၁၀ နိုင်ငံတွင် နံပါတ်၂ နေရာ၌ ရှိနေကြောင်း ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ပါရှိခဲ့သည်။
ကမ္ဘာ့နံပါတ်(၂)အဖြစ် အာဆီယံဒေသတွင်း နိုင်ငံများတွင် ကင်ဆာဖြစ်ပွားမှု အများဆုံး ဆိုသည့် ဂုဏ်ရပ်များရရှိထားသော မြန်မာနိုင်ငံ တွင်နေထိုင်ကြသူများမှာ ကင်ဆာရောဂါနှင့် ပတ်သက်သည့် ဗဟုသုတနှင့် ဂရုပြုဆင်ခြင် မှုအပြင် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တားဆီးအရေးယူမှုများလည်း စိုးရိမ်ဖွယ်ရာ နည်းပါးနေသေး ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုနေကြသည်။
လူနာ ၄၀ ခန့်နေ့စဉ် ကုသသည့် ဆေးခန်းတစ်ခုတွင် လူနာလေးဦးတွင် တစ်ဦးမှာ ကင်ဆာရောဂါရှင်ဖြစ်နေပြီး ထိုလူဦးရေ သည် လွန်ခဲ့သည့် နှစ် ၂၀ခန့်နှင့် စာလျှင် လွန်စွာများပြားလာသည့် လူဦးရေဖြစ်ကြောင်း ဒေါက်တာ ခင်မောင်လွင် (Fame) က ၄င်း၏ အတွေ့အကြုံကိုပြောသည်။
“အခု နာရေးဖြစ်တဲ့ အိမ်နှစ်လုံးစလုံးက ကင်ဆာရောဂါနဲ့ဆုံးတဲ့လူကြီးပဲ။ အရင်ကတို့ရွာတွေ မှာသေရင်လူကြီးရောဂါကြောင့် ပဲ ။ အခုနှစ်ပိုင်းမှာတော့ အများဆုံးသေကြတာ ကင်ဆာကြောင့်ပဲ။ လူငယ်တွေရော လူကြီးတွေရော ဖြစ်လိုက်သေလိုက်ကြတာ။ ရောဂါရှိမှန်းသိတာနဲ့ မကြာဘူး လပိုင်းပဲခံတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ်မှ တောင်
သူတစ်ဦးကလည်း ကင်ဆာရောဂါကြောင့် သေဆုံးမှုများအပေါ်ပြောသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ၁၀ သန်းခန့်ကင်ဆာရောဂါများဖြင့် သေဆုံးနေပြီး မြန်မာနိုင်ငံတွင် စာရင်းအတိအကျမရှိသော်လည်း ကင်ရောဂါဖြစ်ပွားသေဆုံးမှုများမှာ တဖြည်းဖြည်းသိသာများပြား လာကြောင်းသိရသည်။
ကင်ဆာရောဂါသည် နေ့စဉ်မဖြစ်မနေစားသောက်နေသည့် အစားအသောက်ကြောင့် အဓိက ဖြစ်ပွားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှု များပြားရခြင်းမှာ ကင်ဆာဖြစ်စေသည့် အဆိပ်အတောက် ဓာတ်ပစ္စည်းများပါဝင်သည့် အစားအစာများ နေ့စဉ်စားသုံးနေခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။
“မီးခိုးထွက်နေတဲ့ အကင်တွေ၊ အချဉ်ရည်တွေကိုစားနေကြတာ ကင်ဆာမဖြစ်ဖြစ်အောင် ထိုင်စား နေကြသလိုပဲ။ အဲဒါတွေကြောင့် ဖြစ်မှန်းလည်းမသိကြဘူးနဲ့တူတယ်” ဟု ဒေါက်တာခင်မောင်လွင် ကပြောသည်။
ဈေးအတွင်းများပြားလွန်းနေသည့် အန္တရာယ်ရှိသော အစားအသောက်၊ ဆေးဝါးများအားထိန်းချုပ်မှု လျော့နည်းနေသည့်အတွက် စားသုံးသူများတွင် ထိုကဲ့သို့ ရောဂါများဖြစ်ပွားနေသည်ဟု မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကို အပြစ်တင်ဝေဖန်မှုများလည်း ရှိနေသည်။
“လူတွေက မြန်မာနိုင်ငံက FDA ကို အမေရိကားက FDA လို့ ထင်နေကြတယ်။ အမေရိကားက FDA လို အနောက်ကပံ့ပိုးမှုတွေ၊ ဘက်ဂျက်တွေနဲ့ လုပ်ပိုင်ခွင့်တွေ ဖြည့်ဆည်းပေးမယ်ဆိုရင် ဒီထက်တော့ပိုကောင်းအောင် လုပ်နိုင်မှာပေါ့” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အစားအသောက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ FDA အနေဖြင့် ဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်း ၁၀၀ ခန့်သည် သန်း ၆၀ ကျော်သော လူထုအတွက်အန္တရာယ်ကင်းသည့် အစားအသောက်များအဖြစ် အလုံးစုံစစ်ဆေးရန် မဖြစ်နိုင်ဘဲ လက်ရှိပုံမှန်ပြုလုပ်နိုင်သည့် အတိုင်းအတာကိုသာ ဆက်လက်လုပ်ကိုင်နေပြီး အတိုင်းအတာတစ်ခုအထိလည်း အောင်မြင်နေကာ ကင်ဆာရောဂါဖြစ်ပွားမှု လျော့နည်းစေရန်အတွက် အစားအသောက်များအား သီးသန့်ထိန်းချုပ်မှုအတွက် ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ထို့ကြောင့် အန္တရာယ်ရှိသော အစားအသောက်များ ထိန်းချုပ်ရာတွင် ထိရောက်မှုနှင့်အရေးယူမှု အားနည်းနေသည့်အပေါ် မည်သို့အရှိန်မြှင့်ဆောင်ရွက်ရန်အစီအစဉ် ရှိ ၊မရှိ ဆိုသည့်အဆိုကို ယခု ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင် ထပ်မံမေးခွန်းတင်ထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းကပြောသည်။
“သက်ဆိုင်ရာကတော့ မလုပ်ဘူး မဟုတ်ဘူး။ အရင်ကတည်းက လုပ်နေတာပဲလို့ ပြောတယ်။ ဒါပေမဲ့ ထိရောက်မှုမှမရှိတာ။အဲဒါကို အရှိန်မြှင့်ပြီး လုပ်ရမှာပါ။ အခုတော့ ထိရောက်တဲ့ အရေးယူမှုတွေ အားနည်းတော့ လူတွေ အားလုံးမှာ အန္တရာယ်ဖြစ်နေတာကို ကြည့်နေရတယ်” ဟု ဒေါက်တာသန်းဝင်း ကပြောသည်။
ယခင် ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ထိုမေးခွန်းမျိုးမေးမြန်းဖြေကြားခဲ့သော် လည်းယခုအချိန်အထိ ထိရောက်သောဆောင်ရွက်မှု မရှိသည့်အတွက် ထပ်မံမေးခွန်း မေးမြန်းခြင်း ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှု မည်မျှအန္တရာယ်ရှိပြီဖြစ်ကြောင်းနှင့် မည်သည့် စားသောက်ကုန်များတွင် အန္တရာယ်ဖြစ်စေသည့် အဆိပ်အတောက်များပါဝင်နေကြောင်း၊ လူထုအား ပွင့်ပွင့်လင်းလင်းတရားဝင်ထုတ် ပြန်သတိပေးခြင်းများလည်း ဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း ဒေါက်တာခင်မောင်လွင်က ၎င်း၏ အမြင်ကိုပြောသည်။
“ဒါဆို ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းကိုလည်း လုပ်လို့မရဘူး။ National awareness ဖြစ်အောင်လုပ်ပြီး ဆောင်ရွက်မှရတော့မယ်။ သေတဲ့လူတွေလည်း မနည်းတော့ဘူး။ ဒါကိုဒီအတိုင်း ဆက်ထားရင် မြန်မာဟာ ကမ္ဘာမှာ ကင်ဆာအဖြစ်အများဆုံးနဲ့ အသေအပျောက် အများဆုံးနိုင်ငံဖြစ်သွားလိမ့်မယ်” ဟု ဒေါက်တာ ခင်မောင်လွင်က ပြောသည်။
အပူပိုင်းနိုင်ငံဖြစ်သည့်အတွက် နေရောင်ခြည်နှင့် ပိုမိုထိတွေ့မှုများပြားသော်လည်း နေရောင်ခြည်အောက်တွင် အပူဒဏ်ကာကွယ်သည့် အကာများအသုံးမပြုခြင်းကြောင့် ဖြစ်ပွားသည့် ကင်ဆာရောဂါများသည် ဖြစ်ပွားလေ့ရှိပြီး ရာခိုင်နှုန်း နည်းသော်လည်း ကြိုတင်ကာကွယ်မှု နည်းသည့်အတွက် မြန်မာနိုင်ငံသည် အခြားသောနိုင်ငံများထက် ပိုမိုဖြစ်ပွားမှုများကြောင်း သိရသည်။
အသည်းကင်ဆာကဲ့သို့ရောဂါပိုးကြောင့် ဖြစ်ပွားသည့် ကင်ဆာရောဂါများတွင်လည်း မြန်မာနိုင်ငံသည် အခြားသော နိုင်ငံများထက်များပြားကြောင်း ဒေါက်တာခင်မောင်လွင်က ပြောသည်။ အထက်ပါအခြေအနေ ၂ ခုထက် ကင်ဆာရောဂါပိုမိုဖြစ်စေသည့် အဆိပ်အတောက်များ ပါဝင်သော အစားအစာ စားသုံးမှုတွင်လည်း မြန်မာနိုင်ငံသည် အခြားသောနိုင်ငံများထက် များပြားနေပြန်သည်။ ထိုအကြောင်းများကြောင့် မြန်မာနိုင်ငံသည် ကင်ဆာရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံ စာရင်းတွင် ပါဝင်ခဲ့သည်။
အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အမျိုးသမီးလိင်အင်္ဂါ တစ်ဝိုက်တွင်ဖြစ်ပွားသည့် ကင်ဆာရောဂါများ၊ အစာအိမ်အူလမ်း ကြောင်းဆိုင်ရာ ကင်ဆာရောဂါများနှင့် အသည်းကင်ဆာများသည် ပြည်တွင်းတွင်အဖြစ်များနေသည့် ကင်ဆာရောဂါများဖြစ်ပြီး ထိုရောဂါများသည် များသောအားဖြင့် အစားအသောက်တွင်ပါဝင်သော အဆိပ်အတောက်များကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။
ငွေမြန်မြန်ပေါ်အောင် ပိုးသတ်ဆေးသုံးထားပြီး ဈေးကွက်သို့မြန်မြန်ပို့လိုက်ရသည့် အစားအစာများမှ ဓာတုအကြွင်းအကျန် များကြောင့်လည်းကောင်း၊ အရောင်လှကြိုက်သည့် အိမ်ရှင်မများအတွက် ပိုမိုအသုံးပြုထားသည့် အရောင်တင်ဓာတုပစ္စည်း များကြောင့်လည်းကောင်း ၊ တူးအောင်ကင်ထားသည့်အစားအစာအမျိုးမျိုး၊ တာရှည်ခံအောင် ထည့်သွင်းထားသော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအစာများ နေ့စဉ်စားသုံးသော ဆီ၊ ငရုတ်စသည်တို့တွင် ပါဝင်နေသည့် အဆိပ်အတောက်ဖြစ်စေသော မှိုဆိပ်များကြောင့်လည်းကောင်း၊ အပူချိန်ပြင်းပြင်းနဲ့ကြော်ထားတဲ့ အာလူးကြော်မှ ထွက်ရှိလာသည့် အဆိပ်များကြောင့်လည်းကောင်း စသည့်စသည့် နေ့စဉ်စားနေကြသည့်အစားအစာများမှ အာဟာရများအပြင် အဆိပ်များပါ ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်းစုံပြုံလာသည့် နောက်ဆက်တွဲရောဂါလည်းဖြစ်သည်။
ဈေးကွက်အတွင်း အစားအသောက်များတွင် အန္တရာယ်ဖြစ်စေသော အရာများ များပြားစွာပါဝင် နေသည့်အခြေအနေသည် ပြသနာတစ်ခုမဟုတ်ဘဲ မည်သည့်နိုင်ငံတွင်မှ ၁၀၀ ရာခိုင်နှုန်း အန္တရာယ်ကင်းသောအစားအသောက်ဖြစ်အောင် မထိန်းချုပ်နိုင်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
နေ့စဉ် စားသောက်သော အဆိပ်များမှ ခန္ဓာကိုယ်အတွင်း ကြာရှည်စွာစုမိခြင်းကြောင့် ဖြစ်ပွားသည့် ကင်ဆာရောဂါကာကွယ်ရန်အတွက် အာဏာပိုင်အဖွဲ့အစည်းသာမက တစ်ယောက်ချင်းစီကလည်း မိမိကျန်းမာရေးအတွက် အနိမ့်ဆုံးအားဖြင့် ကင်ဆာဖြစ်စေသည့် အစားအသောက်များ မထည့်မိစေရန် တိုက်တွန်းလိုကြောင်း ဒေါက်တာခင်မောင်လွင် က ပြောသည်။
မြန်မာနိုင်ငံတွင် ကူးစက်မှု မဟုတ်သည့်ရောဂါများကြောင့် သေဆုံးမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနများနှင့် လူထုအတွင်း ဆင်ခြင်သင့်သည့် အကြောင်းအရာများအား မကြာခဏ ထည့်သွင်းရေးသားမှုများရှိနေသော်လည်း ယခုအချိန်ထိ အရောင်ဆိုးထားသောအစားအစာများ၊ ပိုးသတ်ဆေးကြွင်းကျန် အစားအစာများ၊ နယ်စပ်မှ ၀င်ရောက်လာသည့် ကလေးကြိုက်အစပ်ချောင်းများ၊ မီးခိုးတလူလူ အကင်များမှာ တွေ့နေစားနေမြဲဖြစ်ပြီး ကင်ဆာရောဂါသည်လည်း ကြားရဖန်များလာသည့် ရောဂါဖြစ်လာကြောင်း တာမွေမြို့နယ်မှ တက္ကသိုလ် ပါမောက္ခတစ်ဦးက ပြောသည်။

Ref:7dayenewsjournal

ဆက်စပ်သတင်း>>>ကင်ဆာရောဂါမှ ကင်းဝေးစေကြောင်း နည်းလမ်းကောင်း
 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!